ကျောက်တလုံးကြီးမြို့တွင် ဒေသဖွံ့ဖြိုးရေးကွင်းဆင်းစိစစ်ဆောင်ရွက်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲပြုလုပ်

ကျောက်တလုံးကြီး မေ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းစိစစ်ဆောင်ရွက်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။

ရှေးဦးစွာ နေပြည်တော်ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းစိစစ်ဆောင်ရွက်ရေးအဖွဲ့မှ ဗိုလ်မှူးကြီးအောင်ကျော်ဦးက မိတ်ဆက်စကားပြောကြားပြီး ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသတွင်းရှိ ပြည်သူများ၏ လိုအပ်ချက်များအားတင်ပြကြရန်နှင့် တင်ပြချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးစသည့် မိမိတို့ဒေသအလိုက် လိုအပ်ချက်များကို တင်ပြကြရာ ဒေသဖွံ့ဖြိုးရေးကွင်းဆင်း စိစစ်ဆောင်ရွက်ရေးအဖွဲ့မှ ဗိုလ်မှူးကြီးအောင်ကျော်ဦးက တင်ပြချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ ဆက်လက်တင်ပြ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိရှိကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)