မူဆယ် မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် မွေးဖွားပြီးကလေးသူငယ်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ခြင်းတို့ကို ယနေ့နံနက် (၉း၀၀)နာရီအချိန်က မူဆယ်မြို့၊ ပြည်သူ့ဆေးရုံးကြီးရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လစဉ်လတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။
မူဆယ်မြို့၊ ပြည်သူ့ဆေးရုံးကြီးရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အမျိုးသမီးကျန်းမာရေး ဆရာမကြီး ဒေါ်နော်ဘလဲဇင်းက ကြီးမှူး၍ ကြိုတင်ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိပြီး ရက်သတ္တပတ်၏ တနင်္လာနေ့နှင့်ဗုဒ္ဓဟူးနေ့(၂)ရက်ကို ကိုယ်ဝန်ဆောင်မိခင်များကို ကြိုတင်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်ကာလအတွင်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို စစ်ဆေးဆောင်ရွက်ပေးပြီး အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် သောကြာနေ့(၃)ရက်ကို မွေးကင်းစမှ(၁)နှစ်ခွဲအရွယ်အထိ ကလေးသူငယ်များကို ကာကွယ်ဆေထိုးခြင်းနှင့် ဆေးတိုက်ခြင်းတို့ကို လစဉ်လတိုင်း စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိပါသည်။ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမားရေးစောင့်ရှောက်မှုနှင့် ဆေးစစ်ဆေးခြင်းနေ့တွင် မိခင်နှင့်ကလေးကျန်းမားရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်(၄)လအရွယ်မှစ၍ ကိုယ်ဝန်ဆောင်မိခင်များကို လိုအပ်သော အထွေထွေကျန်းမားရေးစစ်ဆေးမှုများ၊ ဆီးနှင့်သွေးပေါင် အတက်/အကျ စစ်ဆေးမှုများ၊ ကိုယ်ဝန်၆လ-၇လအတွင်းတွင် ဒုတိယအကြိမ် ထပ်မံဆေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ကိုယ်ဝန် ၈ လတွင် တတိယအကြိမ်နှင့် ကိုယ်ဝန် ၉ လအထိ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရန်ရှောင်ရန်တို့ကို ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုလည်း မှာကြားခဲ့ပါသည်။ ကလေးသူငယ်များကို ကာကွယ်ဆေးထိုး၊ဆေးတိုက်နေ့တွင် မွေးကင်းစမှ(၁)နှစ်ခွဲအရွယ်ထိ ကလေးသူငယ်များကို အသက်အရွယ်အပိုင်းအခြားအလိုက် လိုအပ်သော ကြိုတင်ကာကွယ်ဆေးများကို လစဉ်ထိုးနှံပေးလျက်ရှိကာ တစ်ကြိမ်နှင့်တစ်ကြိမ်ကြားတွင် (၂၈)ရက်ခြား၍ ထိုးနှံပေးရမည်ဖြစ်ပြီး ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမည့် ကလေးသူငယ်များအား ပိုလီယိုအစက်ချဆေးအပြင် ပိုလီယိုထိုးဆေးကိုပါ ပူးတွဲထိုးနှံပေးလျက်ရှိကြောင်း မိခင်နှင့်ကလေးကျန်းမားရေးဌာန တာဝန်ယူဆောင်ရွက်ရသော ဆရာမကြီးထံမှ သိရှိရပါသည်။
ယခုမေလအတွင်း မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မေလ(၁၈)ရက်နေ့အထိ နောက်ဆုံးစာရင်းကောက်ယူချက်အရ ကလေးသူငယ်ကာကွယ်ဆေးထိုး၊ ဆေးသောက်သူဦးရေ(၆၄)ဦးနှင့် ကိုယ်ဝန်ဆောင်ကျန်းမာရေးစစ်ဆေးသူဦးရေ(၂၆)ဦးရှိကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)