ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူငယ်နှင့်ယဥ်ကျေးမှု အသိပညာပေး Talk Show ဆောင်ရွက်

ဒဂုံဆိပ်ကမ်း မေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက လူငယ်နှင့်ယဥ်ကျေးမှု အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမဉ္ဇူက ဆွေးနွေးပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ယဥ်ကျေးမှုတွင် အပိုင်း(၂)ပိုင်း ရှိပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ ယဥ်ကျေးမှု၊ စိတ်ပိုင်းဆိုင်ရာယဥ်ကျေးမှုတွေဖြစ်ပါကြောင်း၊ ယဥ်ကျေးမှုတွေကတေ့ာ ဘာသာစကား၊ စာပေ၊ ဆင်ယင်ထုံးဖွဲ့မှု၊ ဂီတ၊ ဓလေ့ထုံးစံတွေနဲ့ ဖွဲ့စည်းထားပါကြောင်း၊ ရှေးမြန်မာမိသားစုများ၏ ငြိမ်းချမ်းအေးမြသည့် အစဥ်အလာသည် အင်မတန် နှစ်လိုဖွယ်ကောင်းကြောင်း၊ သားသမီးများ၏ ရိုသေလေးစားခြင်း ခံရအောင်လည်း မိဘများက အ​ပြောအဆိုအနေအထိုင် ဝတ်စားဆင်ယင်မှုကအစ စည်းကမ်းတကျ ပြုမူနေထိုင်ပါကြောင်း၊မိဘများသည် သားသမီးများ၏ လက်ဦးဆရာများဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။

 ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာက သမိုင်းအစဥ်အလာ ကောင်းရှိသည့် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဥ်ကျေးမှုတွေသည် အဲ့ဒီနိုင်ငံရဲ့လူမျိုး တည်ရှိနေသရွေ့ ပျောက်ကွယ်မသွားဘဲ တည်တံ့နေမှာဖြစ်ပါကြောင်း၊ ယဥ်ကျေးမှုအမွေအနှစ်တွေကို ခေတ်ကာလ၏တိုးတက်ပြောင်းလဲမှုမှာ အရိုးပေါ်အရွက်မဖုံးစေဘဲ ရှင်သန်ဖွံ့ဖြိုးပြီး တည်တံ့နေဖို့အတွက် လူကြီးရော၊ လူငယ်တွေပါ တာဝန်ရှိပါကြောင်း၊ ယနေ့လူငယ်တွေအနေဖြင့် အတတ်ပညာ၊ နည်းပညာ၊ စွမ်းရည်မြင့်မားဖို့ လိုအပ်သလို ပြည်ပယဥ်ကျေးမှုတွေကို အတုခိုးမမှားစေဘဲ အမှား၊ အမှန်၊ အကောင်း၊ အဆိုးကို ခွဲခြားတတ်ဖို့ လိုအပ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

အေးမဉ္ဇူ