ပေါက်ခေါင်း မေ ၁၉
(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပေါက်ခေါင်းမြို့နယ် မြို့နယ်မီးသတ်စခန်း(ခွဲ) တာကောက်နယ်မြေ မီးသတ်စခန်း (ကိုယ်ထူကိုယ်ထ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါစခန်းသစ်၌ ကျင်းပပြုလုပ်သည်။
ဦးစွာဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး ကိုကိုနိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသန်းက နယ်မြေ မီးသတ်စခန်း ဖွင့်လှစ်ရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မီးသတ်စခန်းမြေနေရာ အလှူရှင်ကိုယ်စား ဦးမြင့်ငွေက မြေနေရာလှူဒါန်းပေးရခြင်းအကြောင်းများကို ရှင်းလင်း ပြောကြားပြီး၊ တာဝန်ရှိသူများက မြေနေရာအလှူရှင်မိသားစုနှင့် မီးသတ်စခန်းဖြစ်မြောက်ရေး အတွက် ကူညီဆောင်ရွက်ပေးကြသော ရပ်မိရပ်ဖများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မီးသတ်စခန်းမြေနေရာ အလှူရှင် ဒေါ်သဲသဲ နှင့်ရပ်မိရပ်ဖတစ်ဦးတို့က မြို့နယ်မီးသတ်စခန်း(ခွဲ) တာကောက်နယ်မြေစခန်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များနှင့် ရပ်မိရပ်ဖများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)