ပင်လောင်း အောက်တိုဘာ ၇
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခွန်မောင်ဖြူက အမှာစကား ပြောကြားပြီး တက်ရောက်လာသော နိုင်ငံရေးပါတီများက ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ် စည်းရုံးသည့်ကာလအတွင်း တွေ့ကြုံနေရသည့်အခြေအနေများကို တင်ပြကြရာ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းပြောကြားသည်။
အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ၊ ပင်လောင်းမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် ပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲမင်းပိုင် (ပင်လောင်း)