မြေပုံ မေ ၁၈
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ပင်လယ်ကမ်းခြေဒေသနေ ကိုင်းချေကျေးရွာနှင့် အငူကျေးရွာတို့၌ စားဝတ်နေရေး အခက်အခဲ ဖြစ်နေသော လေဘေးသင့်ပြည်သူများသို့ ယနေ့ညနေ (၃)နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်း၍ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ သွားရောက်ထောက်ပံ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့က ကိုင်းချေကျေးရွာရှိ လုံးဝပျက်စီးနေအိမ်(၁၈)အိမ်ရှိ မိသားစုဝင်(၆၅)ဦး အတွက် (၅)ရက်စာ ရိက္ခာဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် အငူ(ရွာဟောင်း)ကျေးရွာရှိ လုံးဝပျက်စီးနေအိမ် (၃၆)အိမ်ရှိ မိသားစုဝင်(၁၅၅)ဦးအတွက် (၅)ရက်စာ ရိက္ခာဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ သွားရောက် ကွင်းဆင်းထောက်ပံ့ပေးကြောင်း သိရသည်။
တင်ဝင်း