မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)မှ အားကစားနည်း (၁၂)နည်းအတွက် လူတွေ့စစ်ဆေးမှုများပြုလုပ်

မဟာအောင်မြေ မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနည်း(၁၂)နည်းအတွက် အပြီးသတ်လူရွေးချယ်နိုင်စေရန် ကျန်းမာရေးစစ်ဆေးချက်များအား မေလ(၁၅) ရက်နေ့မှ စတင်၍ စစ်ဆေးခဲ့ရာ‌ မေလ(၁၈)ရက်နေ့တွင် လူတွေ့စစ်ဆေးမှုများအား အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) သုံးထပ်ဆောင်တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားနည်း(၁၂)နည်းအတွက် လူရွေးချယ်ပွဲကို တိုင်းနှင့်ပြည်နယ်များမှ ပဏာမလူစာရင်း(၁၂၈)ဦးရွေးချယ်ခဲ့ရာ စံချိန်/စံညွှန်းနှင့်ကိုက်ညီသော သင်တန်းသား/သူ (၆၃)ဦးအား မေလ(၁၈)ရက်နေ့မှ လူတွေ့ခေါ်ယူစစ်ဆေးပြီး မန္တလေးတိုင်း ဒေသကြီးမှ ကျား(၁၆)မ(၁၆)၊ မကွေးတိုင်းဒေသကြီးမှ ကျား(၂) မ(၇)၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ကျား(၈)မ(၁၁)၊ ချင်းပြည်နယ်မှ မ(၁)၊ ကချင်ပြည်နယ်မှ မ(၁)၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မ(၁) စုစုပေါင်း(၆၃)ဦးတို့အား ခေါ်ယူစစ်ဆေးပြီး  စံချိန်/စံညွှန်းနှင့် ကိုက်ညီသည့် သင်တန်းသား/သူများကို ပညာရေးထူးချွန်ပြီး မျိုးဆက်သစ် လူငယ်ကစားသမားများ‌ မွေးထုတ်ပေးရန်နှင့် အားကစားနှင့်ပညာရေးပေါင်းစပ်ပြီး မြန်မာ့လက်ရွေးစင်ကစားသမားများကို အထောက်အကူပြုနိုင်စေရန် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းမှ ရည်ရွယ်‌ခေါ်ယူလေ့ကျင့်ပေးလျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် သင်တန်းသား/သူ (၂၅၀)လျာထားပြီး သင်တန်းသား/သူအဟောင်း (၁၆၆)ယောက်နှင့် လက်ရှိရွေးချယ် သင်တန်းသား/ သူ(၆၃)ယောက် စုစုပေါင်း(၂၂၉)ယောက်တို့အား အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)ကျောင်း၌ ဆက်လက်နေထိုင်လေ့ကျင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အောင်ဇော်မင်း