ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကချင်စုမူရင်းနှစ်ခြင်း အသင်းတော် ဗိမ္မာန်တော်သစ် အနုမောဒနာ ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား မေ ၁၉

ကချင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

ထို့သို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေအသုံးချမှုများနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့် အညီ ဆွေးနွေးဆုံးဖြတ်သွားရန်လိုကြောင်း၊ လယ်ယာမြေများပေါ်တွင် အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကျူးကျော်နေထိုင်ခြင်း များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စိစစ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး‌ရေးကို အခြေခံသည့် ပြည်နယ်တစ်ခု ဖြစ်သည့်အတွက် ရှိပြီးသား လယ်မြေများကို တခြားနည်းအသုံးချမှု မရှိစေရေး အလေးထားလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက လယ်ယာမြေများနှင့် စပ်လျဉ်း၍ ဆောင်ရွက် သွားရမည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်၏ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရန် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဆုံးဖြတ်ချက် ချမှတ်ပေးရမည့် လယ်ယာမြေမှတစ်ပါး လယ်ယာမြေကို အခြားအသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများ၊ ၁/၂၀၂၃ အစည်းအဝေးတွင် ပြန်လည် ဆွေးနွေးဆုံးဖြတ်ရန် အတည်ပြုခဲ့သည့် လယ်ယာမြေဥပဒေပုဒ်မ(၃၀-ခ)အရ လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများကို စိစစ်တင်ပြ မှုများနှင့်  ခွင့်ပြုချက် မရရှိမီ ကြိုတင်အသုံးပြုသဖြင့် ဒဏ်ကြေးပေးဆောင်ရန် အဆိုပြုတင်ပြသည့် စာရင်းနှင့် မြေယာအယူခံမှုအား ဆုံးဖြတ်ရန် ကိစ္စရပ်များ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများနှင့် စပ်လျဉ်း၍ တင်ပြလာမှုများကို အဖွဲ့ဝင်များက သုံးသပ် ဆွေးနွေးတင်ပြခဲ့ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ စိစစ်အရေးယူ ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည် များကို အဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ်၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းသည် ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့်အတူ မြစ်ကြီးနား မြို့ ကချင်စုရပ်ကွက်အတွင်းရှိ မူရင်းနှစ်ခြင်း အသင်း ဗိမ္မာန်တော်သစ် အနုမောဒနာဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်ပြီး ဓမ္မဆရာများ၊ အသင်းတော် တာဝန်ရှိသူများ၊ အသင်းသား/ အသင်းသူများနှင့်အတူ အလှူငွေများ ထည့်ဝင်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများကို ကုသိုလ်ယူ ပါဝင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)