မိတ္ထီလာမြို့နယ်တွင် ညမထွက်ရအမိန့်လိုက်နာမှုမရှိသူသုံးဦးအား အရေးယူဆောင်ရွက်

မိတ္ထီလာ၊ အောက်တိုဘာ ၇

မိတ္ထီလာမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် ၂ နာရီအချိန်တွင် လှည့်ကင်းတာဝန်ထမ်းဆောင်သူများအဖွဲ့မှ လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ညမထွက်ရအမိန့်ကိုလိုက်နာမှုမရှိသူသုံးဦးအား တွေ့ရရှိရ၍ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၃) နယ်မြေရဲစခန်းမှ ဒု-ရဲအုပ် အောင်ကျော်ဟိန်းနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၃၅) လုံခြုံရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ အောက်တိုဘာလ ၅ ရက်နေ့ညက လှည့်ကင်းတာဝန်ထမ်းဆောင်နေခဲ့သည်။ ထိုသို့ လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်တွင် ပြည်သာယာ(တောင်) ရပ်ကွက် ၄ လမ်းနှင့် ၅ လမ်းကြားတွင် သာစည်မြို့နယ် ယင်းမရိုးကျေးရွာမှရန်နိုင်ဦး ၂၈ နှစ် ၊ ထက်ထက်လင်း၂၄ နှစ်၊ နေသူအောင် ၂၈ နှစ်တို့သုံးဦးသည် ည၁၂ နာရီမှ နံနက်၄ နာရီအချိန်အတွင်းညမထွက်ရ အမိန့်ထုတ်ပြန်ကြေညာထားမှုကို လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ ထိုကြောင့် ၎င်းတို့သုံးဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို လိုက်နာမှုမရှိသောကြောင့် သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

ချမ်းသာ (ပြန်/ဆက်)