မောက်မယ်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဓမ္မမိတ်ဆွေတို့မှ ဆောက်လုပ်လှူဒါန်းသော မဏိဇောတဓမ္မာရုံ ရေစက်သွန်းချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ   

မောက်မယ် မေ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး မြင့်ဇော် ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဓမ္မမိတ်ဆွေများတို့မှ ဆောက်လုပ်လှူဒါန်းသော မဏိဇောတဓမ္မာရုံ ရေစက်သွန်းချအလှူတော်မင်္ဂလာအခမ်းအနားကို အဆိုပါဓမ္မာရုံ၌ ယနေ့နံနက် ၇ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် ဒကာများအားလုံးတို့က နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး  မြို့နယ်သံဃာ့နာယကအကျိုးတော်ဆောင် ဆရာတော်ထံ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရဲမှူး မြင့်ဇော်နှင့် စခန်းမှူးတို့က သံဃာတော်အရှင်မြတ်တို့အား ဆွမ်းအစရှိသော ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ဆက်လက်ပြီး အခမ်းအနားသို့ ကြွရောက်လာကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ပူဇော်ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းနှင့် စေတနာရှင်၊ အလှူရှင်များအား ရဲမှူး မြင့်ဇော်က ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)