လှိုင် မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ မေလ ၁၈ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အတွက် ပြတိုက်များသည် လူအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်မျှအရေးပါသည်ကို ပြည်သူလူထုပိုမိုသတိပြုလာစေရန်ရည်ရွယ်၍ သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းသီတာမိုးကအဆိုပါ Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စာရေးဆရာအသင်းနာယက ဆရာဦးမင်းဆက်ပိုင်က ပြတိုက်ဆိုသည်မှာ မြတ်နိုးတန်ဖိုးထားသင့်သော ပစ္စည်းများကို စုဆောင်းပြသထားသောနေရာနှင့် လူထုပညာပေးဌာနတစ်ခုဖြစ်ပြီး ပြတိုက်များဖြစ်ပေါ်လာရသည့်အကြောင်းအရင်း ၆ ချက်၊ ကမ္ဘာ့ဒေသနိုင်ငံအသီးသီးတွင် ပြတိုက်များထွန်းကားပေါ်ပေါက်လာကြပုံ၊ ကမ္ဘာပထမဆုံးပြတိုက်ဖွင့်လှစ်ခဲ့ပုံ၊ ကမ္ဘာပေါ်၌ထင်ရှားသောပြတိုက်ကြီးများ၊ မြန်မာနိုင်ငံရှိပြတိုက်များအကြောင်းနှင့်ပြတိုက်များ၏ လူထုအကျိုးပြုမှုများစသည့်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
ဝင်းသီတာမိုး(ပြန်/ ဆက်)