ဒဂုံဆိပ်ကမ်း မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက ပလတ်စတစ်ပစ္စည်းများ အန္တရာယ်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဖြိုးစန္ဒာကျော်က ပလတ်စတစ်ညစ်ညမ်းမှု၏ အဓိကပြဿနာမှာ ပလတ်စတစ်သည် စက္ကူ၊ သစ်ရွက်၊ အမှိုက်၊ သစ်၊ ဝါးစသည့် အော်ဂဲနစ်ပစ္စည်းများကဲ့သို့ ဆွေးမြည့်ကွယ်ပျောက်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာတည်မြဲနေခြင်းကြောင့် ပလတ်စတစ်သည် မြေကြီးထဲ၊ ရေထဲမှဓာတ်များနှင့်အတူ ဓာတုဗေဒတုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ဓာတုဒြပ်ပေါင်းများထွက်ရှိလာကြောင်း၊ ရေထဲတွင် ရေနေသတ္တဝါများသေဆုံးကာ ဂေဟစနစ်ပျက်စီးခြင်းများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ကမ္ဘ့ာနိုင်ငံများအနေဖြင့် ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်များ ရောက်ရှိနေမှုကို မထိန်းချုပ်နိုင်ပါက ၂၀၅၀ ပြည့်နှစ်အရောက်တွင် ပင်လယ်သမုဒ္ဒရာနေသတ္တဝါမျိုးစိတ်ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများနေလိမ့်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များက သတိပေးထားပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါ်ဌေးဌေးက ပလတ်စတစ်တွင်ပါရှိသည့် ခဲဓာတ်၊ အဆိပ်ဓာတ်၊ ဆိုက်ဇာနှင့်စတိုင်ရင်းဓာတ်များသည် ဓာတုပစ္စည်းများနှင့် ဆိုးဆေးများဖြစ်၍ အပူဓာတ်နှင့်ဖြစ်စေ၊ ဆီပါသောအစားအသောက်များနှင့်ဖြစ်စေ ထိတွေ့မိပါက ၎င်းဓာတုပစ္စည်းများက အစားအသောက်ထဲကို ဓာတ်ပြုပျော်ဝင်သွားပြီး လူကိုများစွာ အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ ကလေးနို့ဘူး ပြုလုပ်သည့် PVC ပလတ်စတစ်နှင့် ပလတ်စတစ်
ရေပိုက်များတွင် အလွန်အဆိပ်ပြင်းသည့် ဓာတ်တစ်မျိုးပါဝင်နေကြောင်း၊ ကင်ဆာရောဂါဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို ကျန်းမာရေးသတိ၊ အသိစိတ်ဖြင့် ရှောင်ရှားသင့်ပါကြောင်း၊ မယ်လမင်းပစ္စည်းများကလည်း အပူနှင့်ထိတွေ့ပါက ဓာတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေတတ်ကြောင်း၊ ဖန်ထည်၊ ကြွေထည်ပစ္စည်းများ ပြုလုပ်ထားသော ပစ္စည်းများကို သုံးသင့်ပါကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးမဉ္ဇူ