ဒေါပုံမြို့နယ်အတွင်း Quarantine Center (၄) ခု ထပ်မံ ဖွင့်လှစ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများအား ပြင်​ဆင်ဆောင်ရွက်

ဒေါပုံ  အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်- ၁၉ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် Quarantine Centre (၄)ခု ထပ်မံဖွင့်လှစ်မည့် အခြေခံပညာကျောင်း များအား ကြိုတင်ပြင်ဆင်ခြင်းများကို ယနေ့ နံနက် (၁၀)နာရီက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အခြေခံပညာကျောင်း(၄)ကျောင်းအား Quarantine Center အဆောင်များအဖြစ် ထားရှိမည်ဖြစ်ပြီး အဆိုပါ ကျောင်းအဆောင်များ၏ ပတ်ဝန်းကျင် သန့်ရှင်းစေရန်၊ လေဝင်လေထွက် ကောင်းစေရန်နှင့် အလင်းရောင် ရစေရန် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း အပြင် အဆောင်အတွင်း၌လည်း သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ ဝင်များကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်၍  ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဆက်စပ်လူနာ ထားရှိနိုင်ရေး အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သဲစုစုလွင် (ပြန်/ဆက်)