ညောင်ရွှေ မေ ၁၉
နိုင်ငံတော်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ဘဏ်လုပ်ငန်းဆောင်ရွက်မှုများဖြင့် ထိရောက်စွာ အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား ၂၀၂၃-ခုနှစ် မိုးရာသီသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအတွက် သက်သာသော အတိုးနှုန်းထားဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးရာတွင် ယခင်နှစ် စိုက်ပျိုးစရိတ်ချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး ယနေ့တွင် ကျောက်တိုင်ကျေးရွာအုပ်စုနှင့် စံကားကျေးရွာအုပ်စုတို့မှတောင်သူ (၉၃)ဦးတို့အား စပါးတစ်ဧကလျှင် စိုက်ပျိုးစရိတ်ချေးငွေကျပ် (၁၅၀၀၀၀)နှုန်းဖြင့် စိုက်ပျိုးဧက(၄၀၂)ဧက၊ ပြောင်းတစ်ဧကလျှင် စိုက်ပျိုးစရိတ်ချေးငွေကျပ် (၁၀၀၀၀၀)နှုန်းဖြင့် စိုက်ပျိုးဧက(၂၄၇)ဧကတို့အတွက် စုစုပေါင်းချေးငွေကျပ် (၈၅၀) သိန်းကို ထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၃)စုမှ စိုက်ပျိုးရေးတောင်သူ စုစုပေါင်း (၁၄၀၀)ဦးခန့်ကို စပါးစိုက်ဧက (၃၉၇၂)ဧက၊ ပြောင်းစိုက်ဧက(၁၃၂၂)ဧကအတွက် စုစုပေါင်းလျာထားချေးငွေ ကျပ်(၇၂၈၀)သိန်းကျော်ကို တစ်နှစ်လျှင် အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်မာလာစိုး၏ ပြောကြားချက်အရ သိရသည်။
စိုင်းအယ်ဘဲ