နေပြည်တော် မေ ၁၉
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)တိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ အလှူရှင်များမှလှူဒါန်းသည့် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံးဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်နှင့် နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် မုန်တိုင်းအန္တရာယ်သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ခဲ့ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှုများကြောင့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)မုန်တိုင်းတိုက်ခတ်ချိန်တွင် လူ့အသက်အန္တရာယ်ထိခိုက်မှုများ၊ ပျက်စီးဆုံးရှုံးမှုများကို အနည်းဆုံးအခြေအနေဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဘေးဒဏ်ခံ ခဲ့ရသည့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးတို့ကို အမြန်ဆုံးပြန်လည် ဆောင်ရွက်လျက်ရှိကြောင်း၊ မုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးကို စေတနာရှင်အလှူရှင်များက အလှူငွေများ လှူဒါန်းပေးကြသည့်အတွက် အထူးကျေးဇူးတင်ဝမ်းမြောက်ရပါကြောင်း၊ လှူဒါန်းပေးအပ်သည့် အလှူငွေများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနသို့ ပေးအပ်လှူဒါန်းသွားမှာဖြစ်ပြီး နိုင်ငံတော်အနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် စေတနာရှင်အလှူရှင်များက လှူဒါန်းသော အလှူငွေများကို မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများသို့ ခွဲဝေလှူဒါန်းပေးသွားမှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အလှူရှင်များကိုယ်စားတစ်ဦးက မုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် မုန်တိုင်းဒဏ်သင့်ခဲ့သည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယနေ့ နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များ၏ စုစုပေါင်းအလှူငွေကျပ် ၃၆၅၆၆၁၀၀၀ ကျပ်ဖြစ်ပြီး အလှူရှင်များအနေဖြင့် ဆက်လက်လှူဒါန်းလိုပါက နေပြည်တော်ကောင်စီသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)