ဒဂုံအရှေ့ မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပခုက္ကူစာပေဆုတစ်သက်တာစာပေဆုရှင်စာရေးဆရာမကြီးဒေါ်ကြွယ်ကြွယ်(မကြွယ်ကြွယ်၏ အသက် ၉၀ ပြည့်အထိမ်းအမှတ်အဖြစ် ဆုလဲ့နန္ဒာစာပေက တာဝန်ယူစီစဥ်သည့် ပန်းတံခါးအဖွင့်နှင့် အခြားဝတ္တုတိုများ စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မေတ္တာတံခွန်အသင်း၏ဂုဏ်ထူးဆောင်နာယက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စာရေးဆရာအသင်းနာယက ပခုက္ကူစာပေဆုတစ်သက်တာစာပေဆုရှင် စာရေးဆရာမကြီးဒေါ်ကြွယ်ကြွယ်၏ကိုယ်စား သမီးကြီးဖြစ်သူဒေါ်ချိုချိုလတ်က အဖွင့်မိတ်ဆက်စကားပြောကြားခြင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဥက္ကဋ္ဌ အလင်္ကာကျော်စွာစည်သူအကယ်ဒမီများရှင်ဒါရိုက်တာဦးကြည်စိုးထွန်းက စာရေးဆရာမကြီးအတွက် အမှတ်တရစကားနှင့် စာပေအကြောင်းအရာများပြောကြားခြင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟိုဒုဥက္ကဋ္ဌ(၃)ဦးမြတ်စိုး(လှိုင်)က စာရေးဆရာမကြီးအတွက် အမှတ်တရစကားနှင့်ကဗျာရွတ်ဖတ်ပြခြင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟို တွဲဖက်အတွင်းရေးမှူး(၃)ဦးအောင်ကြည်ညွန့်(တက္ကသိုလ်)က ပန်းတံခါးအဖွင့်နှင့်အခြားဝတ္တုတိုများ စာအုပ်မိတ်ဆက်ခြင်းနှင့်ပတ်သက်၍ အမှတ်တရစကားပြောကြားပေးခြင်းနှင့် မြို့နယ်စာရေးဆရာအသင်းကိုယ်စား မာဂဓီသာစည်ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းကျောင်းအုပ်ဆရာတော်အရှင်နေမိန္ဒ(ရဟန်းစာဆိုနေနေနိုင်သူ)က အမှတ်တရဩဝါဒစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသူဖိတ်ကြားထားသူများ၊ စာရေးဆရာအဖွဲ့များက ပခုက္ကူစာပေဆုတစ်သက်တာ စာပေဆုရှင်ဆရာမကြီးဒေါ်ကြွယ်ကြွယ်အတွက် အသက်(၉၀)ပြည့်အထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မျိုးသားစာပေဆုရှင်စာရေးဆရာမကြီးနတ်မောက်အနီချိုက အမှတ်တရစကားပြောကြားပေးခြင်းနှင့် ဆုလဲ့နန္ဒာစာပေတိုက်မှ စာတည်းမှူးဦးလပြည့်ဇင်က ပခုက္ကူစာပေဆုတစ်သက်တာစာပေဆုရှင် ဆရာမကြီးဒေါ်ကြွယ်ကြွယ်(မကြွယ်ကြွယ်)၏ အသက် ၉၀ ပြည့်အထိမ်းအမှတ်အဖြစ် မိမိတို့ဆုလဲ့နန္ဒာစာပေက တာဝန်ယူထုတ်ဝေသောပန်းတံခါးအဖွင့်နှင့် အခြားဝတ္ထုတိုများစာအုပ်တွင်ပါဝင်သော စာမူအကြောင်းအရာများနှင့် စာအုပ်တွင်ဝတ္ထုတိုအပုဒ်ရေ ၁၅ ပုဒ်ပါရှိပြီး စာမျက်နှာ(၁၉၈)မျက်နှာဖြင့်စုစည်း၍ ထုတ်ဝေထားရှိကြောင်း သိရှိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)