မုဒုံ မေ ၁၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မိုးမိုးစန္ဒာထွန်းက အိုဇုန်းလွှာနှင့် ခရမ်းလွန်ရောင်ခြည်၊ ဒီရေတောများပြုစုထိန်းသိမ်းရေး၊ တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု၊ ရေတိမ်ဒေသများထိန်းသိမ်းရေး၊ နှစ်အလိုက် အန္တာတိကတိုက်ရှိ အိုဇုန်းလွှာအပေါက် အခြေအနေ၊ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ကြာရှည်ခံနိုင်ရည်ရှိသော အော်ဂဲနစ်ဓာတုဒြပ်ပေါင်းများ၊ ရေချိုသယံဇာတနှင့်စနစ်တကျ အမှိုက်စွန့်ပစ်ရေးအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် သဘာဝပတ်ဝန်းကျင်အကြောင်းအရာများနှင့်ပတ်သက်သည့် စာအုပ်စာစောင်များ၊ နံရံကပ်ပိုစတာများကို ခင်းကျင်းပြသပေးခဲ့ရာ တက်ရောက်လာကြသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)