ညောင်ဦး မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းအားရက် ကလေးငယ်များ ပျော်ရွှင်စေရန်နှင့် ဉာဏ်ရည်ထက်မြက်သော သားကောင်း၊ သမီးကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်လျက် ယနေ့နံနက် ၁၀ နာရီက ပြပွဲနှင့်ပြိုင်ပွဲများကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များ လာရောက်ဖတ်ရှုနိုင်ကြောင်း၊ အသင်းဝင်ကတ်ပြုလုပ်၍လည်း စာအုပ်များငှားရမ်းဖတ်ရှုနိုင်ကြောင်း မိတ်ဆက်အမှာစကားပြောကြားသည်။
ပြီးနောက် ကျောင်းသား/ကျောင်းသူများအား ကလေးသူငယ် ဆိုင်ရာအကြောင်း ဟောပြောအသိပညာပေးခြင်းနှင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပိန်ပေါင်းလုံးထည့်ပြိုင်ပွဲ၊ ပိန်ပေါင်းလုံးပစ်ပြိုင်ပွဲနှင့် ပူဖောင်းသယ်ပြိုင်ပွဲများကျင်ပခဲ့ကြောင်း သိရပြီး ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား အာဟာရ ကျွေးမွေးခြင်းနှင့်အမှတ်တရ ဘောပင်၊ ခဲတံ၊ ဗလာစာအုပ်များ လက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း