တာလေ မေ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ ယနေ့ နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာမောင်မင်းစိုး ရေးသားသည့် ''လူငယ်နဲ့ အပြောင်းအလဲ'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေးအတွက် စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် မောင်အားညီက ''လူငယ်နဲ့ပရဟိတစိတ်ဓာတ်''ခေါင်းစဉ်ဖြင့် ဉီးဆောင်ဆွေးနွေးရာတွင် သူတစ်ပါးအကျိုးကို လုပ်ဆောင်ခြင်းသည် ကိုယ့်အကျိုးအတွက် အားကောင်းသော အထောက်အပံ့တစ်ခုဖြစ်ကြောင်း၊ လူတိုင်းလိုလို ပရဟိတအလုပ် လုပ်သင့်ပါကြောင်း၊ နေရာတိုင်း လုပ်နိုင်မည်မဟုတ်သော်လည်း ကိုယ်စွမ်းဆောင်နိုင်သည်ကို ကျရာတာဝန်မှ မသွေဖည်ဘဲ လုပ်နိုင်ခြင်းသည် ပရဟိတဖြစ်ကြောင်း၊ မည်သူမဆို ကိုယ်လုပ်ရမည့် တာဝန်ကို သိဖို့လိုအပ်ပါကြောင်း၊ တချို့က ကိုယ်တိုင်လည်းမလုပ်ချင်၊ လုပ်နေသော သူကိုလည်း မကူညီသည့်အပြင် နှောင့်ယှက်ခြင်း၊ အတိုက်အခံလုပ်ခြင်း၊ ရန်မူခြင်း စသဖြင့် လုပ်တတ်ကြကြောင်း၊ လူစိတ်မရှိသော လုပ်ရပ်များဟု ဆိုရမည်ဖြစ်ကြောင်း၊ ပရဟိတသမားများအနေဖြင့် ကိုယ်သွားရမည့် လမ်းကြောင်းကို ရဲရဲဆက်လျှောက်သွားဖို့ လိုအပ်ပါကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
ယင်းနောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် လူငယ်အသင်း (Youth Club)အဖွဲ့ဝင်များက “လူငယ်နဲ့မိတ်ဆုံစားပွဲ၊ လူငယ်နဲ့ဗိုင်းရပ်၊ လူငယ်နဲ့သိစိတ်၊ လူငယ်နဲ့ အပြောင်းအလဲ” စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)