မုံးကိုး မေ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နေ့လယ်(၁)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးကိုယ်စား ဒေါ်လွေးအမ်ဆေး(ရုပ်/သံ-၃)က စာအုပ်စာပေသည် လူသားတို့အတွက် အရင်းအနှီးတစ်ခုဖြစ်ကြောင်း ပြောကြားကာ စာအုပ်၏ အရေးပါပုံများကို ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စာရေးဆရာချစ်ဦးညို၏ "တိုးတတ်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ'´ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပါသည်။
အဆိုပါ စာအုပ်ထဲတွင် ယဉ်ကျေးမှုအတွေးအမြင်စာစုဖြစ်သောကြောင့် စာပေချစ်မြတ်နိုးသူများ စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာပေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သည့် ဌာနဖြစ်သည့်အတွက် မုံးကိုးမြို့အတွင်းရှိ ဒေသခံပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေဖတ်ရှုလေ့လာမှု တိုးပွားလာစေရန်၊ စာအုပ်စာစောင်များအပေါ် စိတ်ဝင်စားမှုရှိပြီး ရင်းနှီးထိတွေ့မှုများ ရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ ခင်းကျင်းပြသခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းကို သိရှိရပါသည်။ ထို့နောက် မူးယစ်ဆေးဝါးအသိပညာပေးအတွက် ဓာတ်ပုံပြပွဲကိုလည်း ဆက်လက်ပြသ ဆောင်ရွက်ခဲ့ကြောင်းကို သိရှိရပါသည်။
မေစံပယ်ဖူး(မုံးကိုး)