ပြင်ဦးလွင်ခရိုင်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင် မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ် ဇွန်လ၅ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီက ပြင်ဦးလွင် ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာသည့်အကြောင်းအား ဆွေးနွေးမေးမြန်းရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဟန်နီသင်းက ကုလသမဂ္ဂအထွေထွေညီလာခံမှ နှစ်စဉ်ဇွန်လ (၅) ရက်နေ့အား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ နောက်ခံသမိုင်းကြောင်း ကိုကြည့်လျှင် ၁၉၇၂ ခုနှစ် ဇွန်လ (၅) ရက် မှ (၁၆) ရက် အထိ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ကျင်းပသော United Nations Stockholm Conference on Human Environment ၏ ဖွင့်ပွဲနေ့ဖြစ်သည့်  ဇွန်လ (၅) ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ  ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (The United Nations Environment Program, UNEP) သည်လည်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့်အတူ တစ်ပြိုင်တည်းပေါ်ပေါက်လာကြောင်း အစရှိဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

ယခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို “ Solutions to Plastic Pollution" “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ခရိုင်/မြိုနယ်ရုံးများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်  ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ  တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

ဖြူလူသစ်(ခရိုင် ပြန်/ဆက်)