နမ့်ခမ်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်အရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

နမ့်ခမ်း မေ ၁၈

ကျောင်းသားလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက လူငယ်ရေးရာအသိပညာပေး‌ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ လူငယ် လူရွယ်များသည် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန် စာအုပ်များကို ပိုမိုလေ့လာကြရန် လိုအပ်ကြောင်း၊ အသိဉာဏ်ပညာ ကြွယ်ဝပြည့်စုံကြသည့် လူငယ်လူရွယ်များ ဖြစ်လာကြစေလိုကြောင်း၊ ယခုကဲ့သို့ ဟောပြောပွဲများ၊ ပြပွဲများကို ကျင်းပပြုလုပ်ပေးခြင်းမှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်လူရွယ်များအတွက် ဗဟုသုတများ လွယ်ကူစွာရရှိနိုင်သည့် စာပေတိုက်ကြီးရှိကြောင်းကိုလည်း သိရှိစေရန် ယခုကဲ့သို့ ဆောင်ရွက်ပေးနေကြခြင်းဖြစ်ကြောင်း ဆွေးနွေးဟောပြောပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားလူငယ်များသည် နမ့်ခမ်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနအတွင်း ပြသထားသည့် “ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်”၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်”၊ “လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်”များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြရာ ဓာတ်ပုံကျွမ်းကျင်-၂ ဦးမိုင်းဆိုင်ထွန်းက အသိပညာပေး ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)