မိုင်းဆတ် မေ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်ဆိုင်ရာ စွမ်းရည်မြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နွေရာသီကာလ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် လူတော်၊ လူကောင်း၊ လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ယှဉ်ပြိုင် နိုင်စွမ်းရှိလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် မူလတန်းအဆင့်၊ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့နှစ်သက်ရာ ပုံပြင်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)