မာန်အောင် မေ ၁၈
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် လမ်းမပေါ်တွင် ကျိုးကျနေသောသစ်ပင်၊ သစ်ကိုင်း၊ သစ်ရွက်များအား ဖယ်ရှား ရှင်းလင်းလျက် ရှိရာ ယနေ့နံနက်၈နာရီက ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပြီး ဆက်လက် ဖယ်ရှားရှင်းလင်းခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊(ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုး ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊တပ်မတော် တပ်ဖွဲ့ဝင်များ၊မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မာန်အောင်ကျွန်းရှင်``အဘောင်မ´´နတ်နန်းရှေ့တွင် စုရပ်နေရာ သတ်မှတ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ကားဖြင့် လှည့်လည်၍ ဗိုလ်ချုပ်လမ်း၊ ရဲစက်ကျော်ခေါင် လမ်းတစ်လျှောက်ရှိလဲကျနေသော သစ်ပင်၊ ပျံ့ကြဲနေသောသစ်ကိုင်း၊ သစ်ခက်၊သစ်ရွက်၊အမှိုက်များကို လှည့်လည် သိမ်းဆည်းပြီး စနစ်တကျ စွန်ပစ်ခဲ့ကြသည်။
မာန်အောင်မြို့နယ်တွင် မြို့သန့်ရှင်း သာယာလှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပြီး သန့်ရှင်းရေးများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)