ပင်လုံမြို့၊ ရပ်ကွက်(၁)၊ မွေတော်ကျောင်း၌ သုံးထပ်ကျောင်းဆောင်သစ် မင်္ဂလာအုတ်မြစ်ချပွဲအခမ်းအနား ကျင်းပ

ပင်လုံ မေ ၁၈

ပင်လုံမြို့၊ ရပ်ကွက်(၁)၊ မွေတော်ကျောင်းဝန်းအတွင်းရှိ ဓမ္မဝါစကသုခမင်္ဂလာ ဗိမာန်တော်ကြီးဘေး၌ ပိဋိကတ်ရှမ်းဘာသာပြန်အဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညာနန္ဒ၊ မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဉာဏသံဝရ၊ တောင်တန်းသာသနာပြုဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သုခမိန္ဒ(စစ်ဆုခမ်း)၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ အောက်စဖိုဒ့်ဆရာတော် ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိ စသည့် ဆရာတော်ကြီးများမှ ဦးစီးဦးဆောင်၍ (၆၅)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲအထိမ်းအမှတ်ဖြစ်ရန်နှင့် မိုင်းဖုန်း ဆရာတော်ဘုရားကြီး၏ ၃ နှစ်၊ ၃ လ၊ ၃ ရက် ဧကစာရီ တစ်ပါးတည်း ဂူအောင်းအဓိဋ္ဌာန်အောင်မြင်ခြင်း အထိမ်းအမှတ်ဖြစ်စေရန်၊ နှစ်စဉ်တိုးပွားလာသော ရှမ်းပိဋိကတ်ဘာသာပြန်လုပ်ငန်းများနှင့် ပရိယတ္တိစာမေးပွဲလုပ်ငန်းများ ပိုမိုချောမွေ့စွာ အဆင်ပြေပြေ ဆောင်ရွက်နိုင်ရန်၊ ဗုဒ္ဓသာသနာတော်သုံးရပ် ပြည်တွင်း၊ ပြည်ပသို့ ပြန့်ပွားရေးနှင့် ရေရှည်တည်တံ့ရေးတို့ကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်စေရန်နှင့် ပညာပါရမီ၏ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ အလျား ၁၃၁.၄ ပေခန့်၊ အနံ ၅၀ ပေခန့်၊ အမြင့် ၄၈ ပေခန့်ရှိ အင်္ဂလိပ်အက္ခရာ(L)ပုံစံ သုံးထပ်ကျောင်းဆောင်သစ် မင်္ဂလာအုတ်မြစ်ချပွဲအခမ်းအနားအား (၁၈.၅.၂၀၂၃)ရက်နေ့ နံနက်၈:၃၀ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိ/ဖများနှင့် အလှူရှင်များ စုစုပေါင်းအင်အား ၁၀၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တက်ရောက်လာသူများအား ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညာနန္ဒမှ ၅ ပါးသီလပေးခြင်း၊ သုံးထပ်ကျောင်းဆောင်သစ်ကြီးတွင် လှူဒါန်းထားကြသည့် စေတနာရှင်/ကုသိုလ်ရှင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ လှူဒါန်းမှုအစုစုတို့အား ရေစက်ချအမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆရာတော်ကြီးများမှ ကျောင်းဆောင်သစ် မင်္ဂလာအုတ်မြတ်ချခြင်းများ ဆောင်ရွက်ကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ် (ပြန်/ဆက်)