မက်မန်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

မက်မန်း မေ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်း၌ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်များ လာရောက်ငှားရမ်းဖတ်ရှုသည့် အလေ့အထများ ရှင်သန်ပေါက်ဖွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က “စာကြည့်တိုက်တွေရှိတာဟာ စာတတ်သူတိုင်း စာဖတ်ဖို့ပါ၊ သိသူဖော်စား မသိသူကျော်သွားပါ၊ ကိုယ့်မြို့မှာ ကိုယ်နဲ့အနီးဆုံး လက်တစ်ကမ်းမှာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ နည်းပညာ စသဖြင့် ဗဟုသုတအစုံ လိုအပ်သမျှ အခမဲ့ ရှာဖွေဖတ်ရှုနိုင်တဲ့ စာကြည့်တိုက် ရှိပါတယ်။ ဒါအပြင် တိုင်းရင်းသားများဖြစ်သည့်အတွက် ဘာသာစကားပေါက်မြောက်မှု အားနည်းနေပါတယ်၊ စာဖတ်ခြင်းဖြင့် လိုအပ်တဲ့ ပန်းတိုင်ကိုရောက်ရှိမှာ ဖြစ်တဲ့အတွက် စာကြည့်တိုက်ကို စာအုပ်များ လာရောက်ငှားရမ်းဖတ်ရှုသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။  

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲသို့ မြို့ပေါ်ရပ်ကွက်မှ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးဝင်းစိုး(ခရိုင်၊ပြန်/ဆက်)