ပျဉ်းမနား မေ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာအတွင်းရှိ ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊တီဘီရောဂါ ကွင်းဆင်း ရှာဖွေကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းက တီဘီရောဂါနှင့်အခြားရောဂါများအား ရှာဖွေစစ်ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအဖွဲ့တွင် ပျဉ်းမနားမြို့နယ် တီဘီရောဂါတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာသင်းသင်းကျော်နှင့် ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါ ရှိ၊မရှိ ချက်ချင်းအဖြေထွက်သည့် ကွန်ပျူတာဓာတ်မှန်စက်ဖြင့် ရှာဖွေ၍ကုသခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ငှက်ဖျား၊ ဆီးချို၊ သွေးတိုးနှင့် အနာကြီးရောဂါများ ရှိ၊မရှိကိုလည်း စမ်းသပ်ရှာဖွေ၍ ကုသခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ တီဘီရောဂါရှာဖွေကုသခြင်းများကို ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့တွင် သစ်လေးလုံးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား တီဘီရောဂါကွင်းဆင်း ရှာဖွေကုသပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)