ပင်းတယ မေ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ၌ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုဒေသကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းထွဋ်ခိုင် ကအဖွင့်အမှာစကားပြောကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပထမဆုရရှိသည့် ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာအား ဓနုဒေသမွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ ဒေသဦးစီးမှူး ဒေါက်တာသန်းဇော်ထွေးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာအုပ်စု၊ ကပြင်ကျေးရွာအား ဓနုဒေသကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းထွဋ်ခိုင်ကလည်းကောင်း၊ တတိဆုရရှိသည့် ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာအုပ်စု၊ ပွင့်လန်းကျေးရွာအား ရွာငံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်ကလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ ဆုရရှိသည့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆုရရှိသောကျေးရွာများမှ တာဝန်ရှိသူများက ကျေးရွာများအလိုက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)နှင့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) လုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့၏ အတွေးအမြင်များ၊ ထင်မြင်ယူဆချက်များကို သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)