နောင်ချို မေ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အတတ်ပညာတစ်ခုကို သင်ကြားတတ်မြောက်ထားမှုရှိစေရန် ရည်ရွယ်၍ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း ကိုဧပြီလ ၂၂ ရက် နေ့ နံနက် ၈နာရီခွဲအချိန်က သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့က ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သဖန်းကိုင်းပရဟိတဆရာတော် သမ္ဓမ္မဇောတိကဓဇ ဒေါက်တာ ပညာလင်္ကာရ ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲ၌ သဖန်းကိုင်းပရဟိတဆရာတော်က အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၁၀၀)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြများက ဘာသာရပ်များအလိုက် တစ်ရက်လျှင် နံနက်၊ နေ့၊ ည အချိန်(၃)ချိန်ခွဲ၍ ဧပြီလ ၂၂ ရက်နေ့မှ ဇွန်လ ၂၁ရက်နေ့အထိ (၂)လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ရပ်ဝေးမှလာရောက်သည့် သင်တန်းသား၊ သင်တန်းသူများ၏ နေရေး၊ထိုင်ရေး၊ စားသောက်ရေး ကိစ္စရပ်များကို စီစဉ်ထားရှိပေးကြောင်း သိရသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ (အခမဲ့)ကွန်ပျူတာသင်တန်းများကို နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)