ကျောက်ဆည် မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထားရှိသော နွေစပါးစီမံကိန်းစိုက်ခင်း(၃၂၆)ဧကအား ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်အောင်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းဦးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ စပါးတစ်ဧကအတွက် ငွေကျပ်(၂)သိန်းနှင့်ညီမျှသော သွင်းအားစုများ ပံ့ပိုးကူညီမှုဖြင့် စိုက်ပျိုးထားရှိပြီး ကုလကျောင်းကျေးရွာမှ တောင်သူ (၇၉)ဦး၏ လယ်မြေများတွင် GW-11 စပါးမျိုး (၂၇၆)ဧက၊ တောင်သူ (၅၀)ဦး ၏ လယ်မြေများတွင် ရွှေမနော်စပါးမျိုး (၅၀)ဧက စုစုပေါင်း(၃၂၆)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းသီးနှံများစိုက်ပျိုးခြင်းဖြင့် တောင်သူများအနေဖြင့် သွင်းအားစု များ ထည့်သွင်းအသုံးပြုနိုင်ပြီး တစ်ဧကစပါးအထွက်နှုန်း ပိုမိုတိုးတက်လာစေခြင်း၊ ဈေးနှုန်းနှင့် ဈေးကွက် သေချာခြင်း၊ တောင်သူများဝင်ငွေပိုမိုရရှိစေခြင်းကြောင့် နိုင်ငံ့စီးပွား တိုးတက်မြင့်မားလာခြင်း၊ စီမံကိန်းတွင် ပါဝင်သော အစုအဖွဲ့အားလုံး အကျိုးအမြတ်ကိုယ်စီရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုပေါ်ပေါက်လာစေခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပြည်ပဈေးကွက်များသို့ ပိုမိုချိတ် ဆက်မှုရရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)