ဒဂုံအရှေ့ မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား(Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့မွန်းလွှဲပိုင်း (၁)နာရီတွင် အမှတ်(၁၃)ရပ်ကွက် ရတနာမြိုင်ကျောင်းတိုက်၊ အမှတ်(၁)ရပ်ကွက် တဆုပ်ဆန်ဓမ္မာရုံ၊ အမှတ်(၁၂၆)ရပ်ကွက် အနန္တမေတ္တာကျောင်းတို့တွင် စုရပ် (၃)နေရာခွဲကာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအား ရှင်းလင်းလျှောက်ထားကြပြီး မြို့နယ်အတွင်း ရတနာမြိုင်ကျောင်းတိုက်(၄၈)ပါး၊ အမှတ်(၁)ရပ်ကွက် တဆုပ်ဆန်ဓမ္မာရုံ(၁၄၉)ပါးနှင့် အနန္တမေတ္တာကျောင်း (၆၀)ပါး စုစုပေါင်း(၂၅၇)ပါးအား ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးများကို တရုတ်ပြည်သူသမ္မတနိုင်ငံ Shenzhen ဗုဒ္ဓဘာသာ အဖွဲ့အတွင်းရေးမှူးနှင့် တောင်တရုတ်ပင်လယ် တရုတ်ဗုဒ္ဓဘာသာအဖွဲ့ ဒုတိယဥက္ကဋ္ဌ Hongfa ဘုန်းတော်ကြီးကျောင်းဆရာတော် Venerable Master YinShun တို့ကိုယ်စား တရုတ်ကုန်သည်ကြီးများအသင်းက နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ ဆရာတော်ကြီး များထံ လာရောက်လှုဒါန်းထားရှိမှုအား ထိုးနှံပေးခြင်းဖြစ်ရာ ၎င်းကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေမှုရှိစေရန် ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူ၏ကြီးကြပ်မှု၊ မြို့နယ်ကျန်းမာရေးအဖွဲ့တာဝန်ရှိသူနှင့် သူနာပြုဆရာမများ၊ မြို့နယ်သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ၊ အမှတ်(၁)၊ အမှတ်(၁၃)၊ အမှတ်(၁၂၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကာကွယ်ဆေးထိုးနှံမည် ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်၊ သီလရှင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)