မက်မန်း မေ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူဦးကြီးများအား ဖိတ်ကြား၍ ၂၀၂၃ ခုနှစ် စိုက်ပျိုးသီးနှံနှစ်ချင်းမျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
“မက်မန်းမြို့နယ်ရှိ တောင်သူများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲသင့်သည့် အချက်များရှိကြောင်း၊ မိသားစုအိမ်စရိတ်ဖူလုံမှုအပြင် ရောင်းတန်းဝင်အထွက်နှုန်းကောင်း စားသုံးရာတွင်အဆင်ပြေ၍ ဒေသနှင့်ကိုက်ညီသည့် သီးနှံမျိုးစေ့များအား ရွေးချယ်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း” စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က တောင်သူများအား အသိပညာပေးရှင်းလင်းဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ အစေ့ထုတ်ပြောင်း(၈၆၈)၊ လယ်စပါး(ရွှေရင်အေး)၊ ယာစပါး(ခေါ်ပဲ)၊ နှမ်း(စမုံနက်)၊ နေကြာရေဆင်း(၁)စပ်မျိုး စသည့် နှစ်ချင်းမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် လိုအပ်သည့် နည်းပညာအခက်အခဲများရှိပါက အချိန်မရွေးဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
အဆိုပါ နှစ်ချင်းမျိုးစေ့ပေးအပ်ပွဲအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အေးဝင်းစိုး(ခရိုင်၊ပြန်/ဆက်)