သိန္နီ မေ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက ယစ်မျိုးလိုင်စင် သက်တမ်းတိုးဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းထားပြီး စီမံချက်ရေးဆွဲထားမှုအခြေအနေများ၊ ဆိုက်ကလုန်း မုန်တိုင်းမိုခါကြောင့် သဘာဝဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ လှူဒါန်းနိုင်မှုအခြေအနေများ၊ မော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြား တပ်ဆင်မောင်းနှင်ရန် လိုအပ်မှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး ကိစ္စရပ်များ၊ ဟော်နန်းအဆောက်အဦနှင့် ဟော်နန်းအတွင်း ခင်းကျင်းပြသထားသော ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုပစ္စည်းများ ပျက်စီး၊ ဆုံးရှုံးမှုမရှိစေရေး ကော်မတီများဖွဲ့စည်းထားပြီးဖြစ်၍ ဝိုင်းဝန်းစောင့်ရှောက်ရန် လိုအပ်မှုများ၊ မြို့ရှောင်လမ်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်မည့် အခြေအနေများ၊ လယ်ယာမြေနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ မိုးရာသီကာလ သစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုများအား ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများကို ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)