တာလေ မေ ၁၈
၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်တွင် ကျရောက်သည့် ကမ္ဘာ့သွေးတိုးရောဂါနေ့ (World Hypertension Day) အထိမ်းအမှတ် “သက်ရှည်ကျန်းမာနေနိုင်ဖို့၊ စနစ်တကျသွေးပေါင်တိုင်းကာ ထိန်းညှိစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးမှ ဝန်ထမ်းများ ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာကို ထိခိုက်စေသည့် အဖြစ်များသော သွေးတိုးရောဂါအကြောင်း အသိပညာပေးရန်ရည်ရွယ်၍ နှစ်စဉ် မေလ ၁၇ ရက်နေ့တွင် ကမ္ဘာ့သွေးတိုးရောဂါနေ့(World Hypertension Day) ကို ကျင်းပပြုလုပ်ကြခြင်းဖြစ်ကြောင်း ပြောကြားပြီး အငယ်တန်းစာရေး ဒေါ်မေထက်ကြိုင်နှင့်အတူ ကမ္ဘာ့သွေးတိုးရောဂါနေ့ ဖြစ်ပေါ်လာပုံ၊ သွေးပေါင်ချိန်နှင့် ပတ်သက်၍ နားလည်သိရှိမှု၊ သွေးပေါင်ချိန်ကို တိကျမှန်ကန်စွာ တိုင်းတာရန်လိုအပ်ခြင်း၊ သွေးတိုးရောဂါကုသမှု၏ ပန်းတိုင်၊ ဆောင်ရန်နှင့် ရှောင်ရန်အချက်များ၊ သွေးတိုးရောဂါကို စနစ်တကျကုသမှု ခံယူမှုမရှိခြင်း၏ အန္တရာယ်များ၊ သွေးတိုးရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုများ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဗီဒီယိုဖိုင်ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြည့်ရှုနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ တာလေမြို့ရုံးမှ ဖွင့်လှစ်ထားသည့် Lovely Tarlay Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)