တာလေ မေ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး “လူငယ်နဲ့စာပေ” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် လူငယ်သည် အနာဂတ်၏ အလင်းတန်းများဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန်ကို လက်ဆင့်ကမ်းသယ်ပိုးသွားရမည့် နိုင်ငံ့ခေါင်းဆောင်လောင်းများလည်းဖြစ်ကြောင်း၊ ယခု လူငယ်နောင်ဝယ်လူကြီးဖြစ်ကြမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် စာအုပ်၊ စာစောင်များအား လေ့လာဖတ်ရှုကြစေလိုကြောင်း၊ စာဖတ်ခြင်းဖြင့် အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိကာ အသိဉာဏ်ပညာများ ကြွယ်ဝပြည်စုံလာမည်ဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိ ပညာပေးစာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသော လူငယ်၊ လူရွယ်များက ဖတ်ရှု့လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)