နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Club အဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

နောင်ချို မေ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  Club အဖွဲ့များပူးပေါင်း၍     စာရေးဆရာပေါက်ပေါက် ရေးသားထားသည့် “စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက  စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာပေချစ်မြတ်နိုးသူများ  Book Club အဖွဲ့ဥက္ကဋ္ဌ ဦးပေါင်ခန့်လန်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး  ဦးတင်အောင်သိန်း Book Club အဖွဲ့ဝင်၊ အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင် ဒေါ်ရွှေဇင်ဦးတို့က စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများ အနက်မှကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုချင်းအလိုက် အကြောင်းအရာများကို မိမိတို့ ဘဝဖြတ်သန်းမှုတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများနှင့်ယှဉ်၍ အသီးသီးဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် လူ့ကျင့်ဝတ်များစွာရှိသည့်အနက် စာနာစိတ်နှင့်အတူ အလိုက်သိမှုသည် လူ့ပတ်ဝန်းကျင်တွင် အရေးကြီးဆုံးသော လူ့ကျင့်ဝတ်ဖြစ်ကြောင်း၊ လူ့ဘဝတွင် ရှောင်လွှဲမရနိုင်သည့် အခက်အခဲများ ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ကြုံတွ့ရလျှင် စိတ်ဓာတ်ကျအားငယ်နေစရာမလိုပဲ မိမိကိုယ်မိမိယုံကြည်ချက်ရှိရှိဖြင့် ဘဝခရီးလမ်းကို လျှောက်လှမ်းကြရမည့် အသိပညာဗဟုသုတများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် မြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့၊ အမျိုးသမီးအသင်း (Women Club)၊ လူငယ်အသင်း (Youth Club) အဖွဲ့များနှင့် ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)