ငါ့သရောက်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်တောင်သူများ ဧက ၇၂၈ စိုက်ပျိုးအောင်မြင်

ညောင်ဦး မေ ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာ ဆွတ်ခူးရောင်းချချိန် မနှစ်ကထက် ဈေးနှုန်းပိုမိုရရှိနေကြောင်း နွေပဲတီစိမ်းစိုက်ပျိုးတောင်သူများထံက သိရသည်။

ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်ဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက် ဧက ၇၂၈ ဧကရှိကြောင်း၊ ပဲတီစိမ်းစိုက်ခင်းတွေ ကောင်းမွန်ကာ ပြီးခဲ့သည့်နှစ်က နွေပဲတီစိမ်းပေါ်ချိန် တစ်တင်းလျှင် ငွေကျပ် ၄၅၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရပြီး မြစ်ရေတင်ဖြင့် စိုက်ပျိုးကြသည့် နွေပဲတီစိမ်းစိုက်တောင်သူများ ယခင်နှစ်ကဈေးနှုန်းမျိုးရရှိရန် မျှော်လင့်နေကြောင်း ပဲတီစိမ်းစိုက်တောင်သူများက ပြောကြားသည်။

နွေပဲတီစိမ်း စတင်စိုက်ပျိုးခြင်းအား မတ်လလယ်လောက်တွင် စတင် ကြဲပက်စိုက်ပျိုးကြကာ စိုက်ပျိုးပြီး ၄၅ ရက်ရှိလျင် ပဲတီစိမ်းအဖူး၊ အပွင့်များ စတင်ပွင့်ပြီး ရက် ၆၀၊ နှစ်လပြည့်လျှင် စတင်ဆွတ်ခူးရကြောင်း ထွက်ရှိလာသည့် နွေပဲတီစိမ်းများအား ပခုက္ကူပွဲရုံများသို့ သွားရောက်ရောင်းကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်မှရေသွင်းခ တစ်ဧကလျှင် နွေပဲတီစိမ်း တစ်သီးပြီးသည်အထိ ၃၀၀၀ ကျပ်ပေးသွင်းရပြီး၊ ရေသွင်းအကြိမ်ရေငါးကြိမ်၊ ခြောက်ကြိမ်အထိ ရေသွင်းပေးရကြောင်း ငါ့သရောက်မြစ်ရေတင် တာဝန်ခံကပြောကြား၍သိရကာ နွေပဲတီစိမ်းထွက်ရှိ ရောင်းချနေရကာ ပဲတီစိမ်းတစ် တင်း ၅၃၀၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် မြစ်ရေတင်ဖြင့် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဝင်ငွေတွက်ခြေကိုက်နေကြကြောင်းသိရပြီး ညောင်ဦးမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင်၊ ဆိုလာလျှပ်စစ်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းများအား ကျောက်ကူးမြစ်ရေတင်၊ သူကောင်းတည်မြစ်ရေတင်၊ ငါ့သရောက်မြစ်ရေတင်၊ လက်ပံခြေပေါ်မြစ်ရေတင်တို့ဖြင့် နွေပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်းပြီး ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း