နမ့်ခမ်းမြို့တွင် Youth Club အသင်းဝင်ကျောင်းသားလူငယ်များ တွေ့ဆုံပွဲပြုလုပ်

နမ့်ခမ်း မေ ၁၈

Youth Club အသင်းဝင်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားချစ်ခင်၍ အသင်းအဖွဲ့ခိုင်မာစေရေးရန် Youth Club အသင်းဝင်ကျောင်းသားလူငယ်များ၏ တွေ့ဆုံပွဲကို  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နေ့လည် (၁၂:၃၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Youth Club အသင်းဝင်ကျောင်းသားလူငယ်များတွေ့ဆုံပွဲတွင် မြို့နယ်ဦးစီးမှူးမှ ဒေါ်စန္ဒာဝင်းက အမှာစကားပြောကြားရာတွင် အသင်းအဖွဲ့တစ်ခုထူထောင်ပါက အသင်းအဖွဲ့ဝင် အချင်းချင်းအပြန်အလှန်လေးစားချစ်ခင် ရိုင်းပင်းကူညီလက်တွဲဆောင်ရွက်ကြပါမှ အသင်းအဖွဲ့တိုးတက်မည်ဖြစ်ပြီး ခေါင်းဆောင်ကောင်း၏ နောက်လိုက်ကောင်းများဖြစ်အောင် ယခုလိုအသင်း အဖွဲ့များတည်ထောင်ပြီး ပြုစုပျိုးထောင်ပေးနေပါကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် Youth Club အသင်းဝင်ကျောင်းသားလူငယ်များ အချင်းချင်းရင်းနှီး ချစ်ခင်လေးစားကြစေရန် တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး Youth Club အသင်းဝင်များမှ ၎င်းတို့ ဝါသနာပါသည့် ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးမှ ၎င်းတို့စိတ်ဝင်စားသည့် အားကစားလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်းနှင့် Youth Club အသင်းဝင်ကျောင်းသားလူငယ် (၁၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)