သီပေါမြို့နယ်တွင် လူငယ်များနှင့်ဂိမ်းအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

သီပေါ မေ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက်(၉)နာရီက လူငယ်များနှင့် ဂိမ်းအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ယနေ့ခေတ်လူငယ်အများစုသည် ဂိမ်းကစားခြင်းဖြင့် ပျော်မွေ့အချိန်ကုန်ဆုံးနေတတ်ပါကြောင်း၊ ဂိမ်းကစားခြင်းသည် သာမန်အားဖြင့် အန္တရာယ်မရှိနိုင်ဟု ထင်စရာရှိသော်လည်း စွဲလန်းသွားပါက ရေရှည်မကောင်းနိုင်ပါကြောင်း၊ စိတ်အပန်းဖြေစေရန် ခဏတာ ကစားခြင်းက အန္တရာယ်မရှိပါကြောင်း၊ ဂိမ်းစွဲလမ်းခြင်းနှင့်ပတ်သက်သည် ဆိုးကျိုး၊ အန္တရာယ် စသည်ဖြင့် အသိပညာပေးဆွေးနွေးခဲ့သည်။       

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုး က ဂိမ်းစွဲလန်းခြင်းကြောင့် ချက်ချင်း လူကို မသေစေနိုင်သော်လည်း ဘဝကို ပျက်စီးစေနိုင်ပါကြောင်း၊ ဂိမ်းစွဲလန်းသူတွေသည် ပတ်ဝန်းကျင်နှင့် ကင်းကွာပြီး သီးခြားဖြစ်နေတတ်ပါကြောင်း၊ လူမှုဆက်ဆံရေး စီးပွားရေး၊ ပညာရေးများလည်းမရှိတော့ဘဲ ဂိမ်းကို မဆော့ရမနေနိုင် ဖြစ်နေတတ်ပါကြောင်း၊ ဂိမ်းကို လုံးဝမကစားရဘူးလို့ မဆိုလိုသော်လည်း စိတ်အပန်းဖြေရန်အတွက် မိမိစိတ်ကို နိုင်အောင်ထိန်းပြီး ခဏတာ ကစားရင်လျှင် အဆင်ပြေပါကြောင်း စသည်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)