ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား ၂၀၂၃-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် Safe City Project နှင့် မြို့တော်ခန်းမသစ် တည်ဆောက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မေ ၁၈

ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာပြီး အများ ပြည်သူအေးချမ်း ခြုံလုံ‌၍ စနစ်ကျသော မြို့ပြတစ်ခုဖြစ်လာစေရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် Safe City Project တွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများနှင့် မြို့တော်ခန်းမသစ် ဆောက်လုပ်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်၏ မြို့‌တော် မြစ်ကြီးနားမြို့အား Safe City ၊ Clean City ၊ Flower City နှင့် Smart City တစ်ခုဖြစ်လာစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်သူများ အေးချမ်းလုံခြုံပြီး တရားဥပဒေစိုးမိုးရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့၏ ငွေလုံး၊ ငွေရင်းရန်ပုံငွေ များဖြင့် ဆောင်ရွက်သွားမည့် Safe City Project တွင်ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် မြို့တော် ခန်းမသစ် တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်း၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်လို ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက Safe City Project တွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်း များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက်၊ အပိုင်းလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြပြီး ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရမည့် ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ စီမံကိန်းတစ်ခုခြင်းအလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအပေါ် လိုအပ်ချက်များကို သုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများအတွက် အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းနိုင်ရေး၊ သတ်မှတ်ဘဏ္ဍာနှစ်အလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး စနစ်တကျကြီးကြပ်ဆောင်ရွက်သွားရေး၊ လုပ်ငန်းများလျင်မြန်စွာ စတင်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်