အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ဖြစ်သည့် လင်းတငှက် မျိုးစိတ်များ ကျင်လည်ကျက်စားလျက်ရှိ

မိုးညှင်း မေ ၁၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ဧပြီလတွင် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ဖြစ်သည့် လင်းတငှက်မျိုးစိတ်များ ကျင်လည်ကျက်စားလျက် ရှိကြောင်း သိရသည်။

အဆိုပါ ရှားပါးငှက်မျိုးစိတ်များသည် မြန်မာနိုင်ငံတွင် လင်းတငှက်မျိုးစိတ် လေးမျိုးကျင်လည် ကျက်စားလျက်ရှိပြီး အင်းတော်ြကီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ သုံးမျိုးကျက်စားလျက်ရှိကြောင်း၊ လင်းတငှက်များသည် ယခင်အချိန်က ပေါများစွာကျက်စားလျက်ရှိသော်လည်း ယခုအခါတွင် ၎င်းတို့၏ စားကျက်မြေများ ပျောက်ဆုံးမှုနှင့် လူတို့၏ သတ်ဖြတ်မှုကြောင့် ငှက်ကောင်ရေများ သိသိသာသာ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကျဆင်းလာရခြင်းမှာ လူတို့၏ စွန့်ပစ်အညစ်အကြေးများနှင့် ကျွဲ၊ နွားများ ခွာနာ လျှာနာတွင် အသုံးပြုလျက်ရှိသော ဆေးများကြောင့် လင်းတငှက်များ သေကြေရှုံးလျက်ရှိကြောင်း၊ သုတေသန မှတ်တမ်းများအရ နွားပိုင်ရှင်များမှ မိမိတို့၏ နွားများ ရောဂါဖြစ်ချိန်တွင် ခွာနာလျှာနာဆေးကို အသုံးပြုလျက်ရှိပြီး ထိုကျွဲ နွားများ သေဆုံးသည့်အခါ သေဆုံးနေသော ကျွဲနွားများကို စားသုံးသောကြောင့် လင်းတငှက်မျိုးစိတ်များသည် သေကြေဆုံးရှုံးလျက်ရှိကြောင်း သိရသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် လင်းတငှက်မျိုးစိတ် သုံးမျိုး ကျင်လည် ကျက်စားလျက်ရှိရာ ၎င်းငှက်မျိုးစိတ်များမှာ လင်းတကျောဖြူငှက်၊ လင်းတနှုတ်သီးရှည်နှင့် ဟိမဝန္တာလင်းတငှက် တို့ဖြစ်ကြပြီး အဆိုပါ ငှက်မျိုးစိတ်များမှ ဟိမဝန္တာလင်းတငှက်မျိုးစိတ် တစ်မျိုးသာ ဆောင်းခိုငှက်မျိုးစိတ်ဖြစ်၍ ကျန်ငှက်မျိုးစိတ်နှစ်မျိုးမှာ ဒေသရင်းငှက်မျိုးစိတ်များ ဖြစ်ကြောင်း သိရသည်။

ထို့နောက် အင်းတော်ြကီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် တာဝန်ရှိသူများမှ လစဉ် ရေပျော်ငှက် မျိုးစိတ်များ စာရင်းကောက်ယူကြရာတွင် ၂၀၂၃ခုနှစ် ဧပြီလအတွင်း ဆောင်းခိုရေပျော်ငှက်မျိုးစိတ် (၂၁)မျိုး၊ ကောင်ရေ (၁၆၂၉)ကောင်နှင့် ဌာနေရေပျော်ငှက်မျိုးစိတ် (၂၀)၊ ကောင်ရေ (၄၅၈၆)ကောင် စုစုပေါင်း ငှက်မျိုးစိတ် (၄၁)မျိုး၊ ကောင်ရေ(၆၂၁၅)ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ရွှေမိုးညှင်း