မောက်မယ်မြို့နယ်၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မောက်မယ် မေ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိသားစုဝင်သား သမီးများဖြစ်သည့် အနာဂတ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိုက်နာရမည့် ပြည်သူ့နီတိများကိုသိရှိကာ ယဉ်ကျေးသည့် သားကောင်း၊ သမီးကောင်းမွန်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁၂ နာရီက အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လင်းခေးခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မဥ္ဇူ ကအဖွင့်အမှာစကားပြောကြားပြီး လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းနည်းပြဆရာမ ဒုတိယဦးစီးမှူး ဒေါ်နန်းဟေမာမြင့်က သင်ကြားမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကာ အဆိုပါ သင်တန်းအား နေ့စဉ် နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ မေလ ၁၉ ရက်နေ့အထိ ၃ ရက် သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းတက်ရောက်သူ ကျောင်းသား၊ ကျောင်းသူ လူငယ်များ ၃၃ ဦး တက်ရောက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)