မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များက ပထမအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်း

မန္တလေး မေ ၁၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစီးကျင်းပသည့် မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များက ပထမအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံး (၆)ထပ် ဆောင်အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသ ကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊အလှူရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အလှူရှင်များမှ လှူ ဒါန်းသည့် အလှူငွေများကို လက်ခံ၍ ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ကာ ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစီးကျင်းပသည့် မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ယနေ့စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများမှာ စုစုပေါင်း ကျပ်သိန်းပေါင်း (၄၆၀၀)ကျပ် ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်