ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် ဓာတ်အားတိုင်များနှင့် သစ်ပင်ကြီးများအား ပြန်လည်တည့်မတ်ရှင်းလင်းဆောင်ရွက်

ပုဏ္ဏားကျွန်း  မေ ၁၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အလွန်ပြင်းထန်သော မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မေလ(၁၄)ရက်နေ့က ပြိုလဲခဲ့သည့် ဓာတ်တိုင်များနှင့်သစ်ပင်ကြီးများအား မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြို့နယ် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက ယမန်နေ့နှင့်ယနေ့နံနက်ပိုင်းတို့တွင်  ပြန်လည် တည်မတ်ရှင်းလင်းများ ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မေလ(၁၄)ရက်နေ့ မိုခါမုန်တိုင်းတိုက်ခတ်ပြီးသည်နှင့်တပြိုင်နက်တည်း မြို့ပေါ်ရပ်ကွက် လမ်းများအတွင်း လမ်းမပေါ်တွင် ပြိုလဲကျရောက်နေသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ကျောင်းများ နှင့်ဘုန်ကြီးကျောင်းများ၌ ပြိုလဲနေသည့်ပျက်စီးနေသည့် သစ်ပင်ကြီးများနှင့်ပိတ်ဆို့ပျက်စီးနေသည့် အဆောက်အဉီတို့ကို ဖယ်ရှားရှင်းလင်းခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။ အလားတူ ယနေ့ နံနက်ပိုင်းက ဓာတ်တိုင်များ၊ ဓာတ်အားကြိုးများ လမ်းမပေါ်တွင် ပြိုလဲကျရောက်နေသော ၄၀၀ ဗို့ဓာတ် အားလိုင်း 9M တိုင်များအား ပြန်လည် တည်မတ်ဖယ်ရှားခြင်းများကို မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက  မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် အခြေခံပညာကျောင်း ၁၉၉ ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံး(၁)ရုံး သာသနာ့အဆောက် အအုံ(၆၄)ခု၊ ဌာနဆိုင်ရာရုံး အဆောက်အဉီ (၂၆)ရုံး၊နှင့် လူနေအိမ်စုစုပေါင်း(၉၁၀၀)ကျော်ခန့် အမိုးလန် ပျက်စီးရှုံးဆုံးခဲ့ကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)