စဉ့်ကူးမြို့နယ်တွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်

စဉ့်ကူး မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂  နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ငြိမ်းချမ်းဝင်းတို့က နွေရာသီနှင့်ရာသီဥတုပူပြင်းသော အချိန်ကာလတွင် လူသားတိုင်း အပူဒဏ်အန္တရာယ်ကို ခံစားရနိုင်ကြောင်း၊ အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးမှုများလာသောကြောင့် ကြွက်တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဖောရောင်ခြင်း၊ မိတ်နှင့်ယားဖုများထွက်ခြင်း၊ မူးမေ့လဲကျခြင်း၊ သတိလစ်ခြင်း၊ ရုတ်တရက် လဲကျသေဆုံးခြင်းစသည့် လက္ခဏာများခံစားရနိုင်ကြောင်း၊ အသက်ကြီးသူများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ နာတာရှည်ရောဂါသည်များ၊ ကာယလုပ်သားများနှင့် အားကစားလုပ်သူများသည် အပူဒဏ်ကို ပိုမိုခံစားရနိုင်သောကြောင့် ပိုမိုသတိရှိသင့်ကြောင်း၊ Heat Stroke လက္ခဏာများနှင့် Heat Stroke ဖြစ်နိုင်ခြေများသူများအကြောင်း၊ အပူဒဏ်ခံစားရသည့်လူနာကို အရေးပေါ် ရှေးဦးပြုစုပေးရမည့်အချက်များ၊ အပူဒဏ်ကာကွယ်ရေး လိုက်နာရမည့်အချက်များ၊ မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရန်  ကျန်မားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်အလက်များကို လိုက်နာသင့်ကြောင်းစသည့် အပူဒဏ်အန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားပြီး သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြသည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန အနေဖြင့် ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များနှင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ စာအုပ်ပြပွဲများပြုလုပ်ခြင်းနှင့် အသိပညာပေး (Talk Show) များ ပြုလုပ်ခြင်းတို့အား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)