တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီအခြေခံ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ပန်းချီ၊ စစ်တုရင်နှင့် LCCI သင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး မေ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် နွေရာသီအခြေခံ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ပန်းချီ၊ စစ်တုရင်နှင့် LCCI သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်းပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီး၊ ဘက်စုံသုံးခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန် (၃)ရပ်ဖြစ်သည့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန် ဟူသည့် ရည်မှန်းချက်တာဝန်များကို ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများနှင့် ပေါင်းစပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များ အနေဖြင့် ခေတ်နှင့်လျော်ညီသည့် Internet, Computer, English (ICE)ပညာများကို တတ်ကျွမ်းရန်လိုအပ်ပြီး အဆိုပါ ပညာများကို ယခုသင်တန်းများသို့ တက်ရောက်ခဲ့သည့် လူငယ်များအနေဖြင့် အခမဲ့သင်ယူခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအား စေတနာထက်သန်စွာဖြင့် သင်ကြားပို့ချပေးခဲ့သော သင်တန်းနည်းပြဆရာများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့၏ Community Centre လုပ်ငန်းများ အောင်မြင်ရန်အတွက် ပြည်သူများသည် အဓိက အခန်းကဏ္ဍတွင်ပါရှိသည့်အတွက် ပြည်သူများ Community Centre ကို ပိုမိုလာရောက် အသုံးပြုနိုင်ရန် မိမိတို့၏ အသိမိတ်ဆွေများကို သတင်းစကား ထပ်ဆင့်ပြောကြားပေးစေလိုကြောင်း၊ ယခုသင်တန်းတက်ရောက်ပြီးစီးပါက နောင်တွင်လည်း Community Centre သို့ လာရောက်၍ အသုံးပြုစေလိုကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အသိပညာ၊ အတတ်ပညာများ ပိုမိုတိုးတက်၍ လူတော်၊ လူကောင်းများဖြစ်ပါစေကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဦးစီးမှူးက စစ်တုရင်သင်တန်းတွင် သင်တန်းသားထူးချွန်ဆုရ မောင်ကြယ်စင်သန့်အား ဂုဏ်ပြုဆု၊ အခြေခံစစ်တုရင်နှင့် ပန်းချီသင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့်က အခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ကိုလည်ကောင်း၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြကြောင်းနှင့် သင်တန်းသားများကိုယ်စား သင်တန်းသား မောင်ကြယ်စင်သန့်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဇော်နိုင်လင်း