ပူတာအိုခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်အား အကောင်းဆုံးဆုပေးပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကျင်းပ

ပူတာအို မေ ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်များစာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်၊ စာဖတ်သူ၊ စာငှားသူများ အစဉ်တိုးပွားလာစေရန်နှင့် ကလေးငယ်များ ကလေးစာဖတ်ခန်းအား ပိုမိုစိတ်ဝင်စားလာစေရန် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများအား လစဉ်ကျင်းပပေး လျက်ရှိရာ ယနေ့ နံနက် (၁၁)နာရီတွင် စာဖတ်အားအကောင်းဆုံး ဂုဏ်ပြုဆုပေးပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ များ ကျင်းပပေးခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသူ/သား(၁၆)ဦးတို့က ပန်းချီပြိုင်ပွဲတွင် စိတ်ကြိုက်ပန်းချီ၊ စာဖတ်စွမ်း ရည်ပြိုင်ပွဲတွင် စာရေးဆရာ မောင်မင်းစိုးရေးသားသည့် လူငယ်လူမှုရေးစာအုပ်မှ “လူငယ်နဲ့ အယုံလွယ်ခြင်း” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရ ကျောင်းသား/သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/သူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နံရံကပ်၊ သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး နံရံကပ်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ကြည့်ရှုလေ့လာကြသည်။

ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာငှားသူ၊ စာဖတ်သူ တိုးပွားရေးအတွက် စာငှားအများဆုံး စာဖတ်ပရိသတ်တစ်ဦးအား လစဉ် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးလျက်ရှိရာ ယခုအခမ်းအနားတွင် မေလနှင့် ဧပြီလများတွင် စာငှား အများဆုံးဆုရ စာဖတ်ပရိသတ်နှစ်ဦးကိုလည်း ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)