မတ္တရာ မေ ၁၇
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် မေလ၁၅ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးသွားသော ပြည်သူများ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ ထောက်ပံ့ပေးအပ်ရခြင်းနှင့် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် မုန်တိုင်းဗဟိုလမ်းကြောင်းရှိ ဒေသများမှ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယုမှ မိုခါ ဆိုင်ကလုန်း မုန်တိုင်းမဝင်ရောက်မီ နိုင်ငံတော်အစိုးရမှ ကြိုတင်ပြင်ဆင်ထားရှိခဲ့သောကြောင့် မုန်တိုင်းသင့် ဒေသများတွင် သေကြေပျက်စီးမှုနည်းပါးခဲ့ကြောင်း၊ မိမိတို့မြို့နယ်တွင်လည်း ပျက်စီးဆုံးရှုံးမှ အလွန်နည်းပါးခဲ့ကြောင်း ဖြင့်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များမှ တောင်ပြုံး ကျေးရွာ၊ သာလွန်ဖြူကျေးရွာနှင့် ပတ်လည်အင်း ကျေးရွာ တို့မှ အိမ်ထောင်စု (၃)စုရှိ ကျား(၇)ဦး၊ မ(၇)ဦးအတွက်အတွက် ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာအတွက် ထောက်ပံ့ငွေ ၂၂၉၄၀၀ကျပ်ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး၊ အလုံးစုံပျက်စီးဆုံးရှုံးသွားသော နေအိမ် ၁လုံးအတွက် ထောက်ပံ့ ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လေဘေးသင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)