ကချင်ပြည်နယ် သယံဇာရေးရာဝန်ကြီး မြစ်ကြီးနားမြို့တွင်း မိုးရာသီရေဝပ်တင်ကျန်မှုနှင့် ရေကြီးရေလျှံမှုများမှ ကြိုတင် ကာကွယ်နိုင်‌ရေး ပင်မရေနှုတ်မြောင်းမကြီးများနှင့် ရေနှုတ်မြောင်းငယ်များအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မေ ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ်စဉ်မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့၌ ရေဝပ် တင်ကျန်မှုများ၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာရေးရာ ဝန်ကြီး ဦးတိန့်ဆောင်က မြို့တွင်းဖြတ်သန်းသည့် ပင်မရေနှုတ်မြောင်းများ အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ အင်ဂျင်နီယာမှူးတို့၏ မိုးရေစွန့်ထုတ်နိုင်ရေး ဆောင်ရွက်ထားရှိသည့် မြို့တွင်းအဓိက မြောင်းမကြီးများ ဖြတ်သန်းစီးဆင်းမှု အခြေအနေများ၊ မိုးရာသီရေဝပ်တင်ကျန်လေ့ရှိသည့် ရပ်ကွက်များရှိ ပြန်လည်ပြင်ဆင်တူးဖော်ရမည့် ရေနှုတ်မြောင်းငယ် အခြေအနေများနှင့် စပ်လျဉ်း၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြမှုအပေါ် မိုးမကျမီ ဆောင်ရွက်ရမည့် လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပင်မမြောင်းမကြီး တစ်ခုဖြစ်သည့် မြို့သစ်ကြီး ရေနှုတ်မြောင်းအား မင်္ဂလာလမ်းကွေ့နေရာမှ လည်းကောင်း၊ မြို့သစ်ကြီးနှင့် ခေမာသီရိ ရပ်ကွက်ကြား တံတားမှလည်းကောင်း၊ ထိုမှတစ်ဆင့် အေးမြသာယာရပ်ကွက်ရှိ အေးမြသာယာရေနှုတ်မြောင်းအား လည်းကောင်း၊ မြို့မဈေးအတွင်းရှိ ရေနှုတ်မြောင်းအားလည်းကောင်း၊ သခင်နက်ဖေလမ်းတစ်လျှောက် မလိခ ဝန်ထမ်း အိမ်ရာ‌ရှေ့ရှိ ရေနှုတ်မြောင်းတို့အားလည်းကောင်း ‌ရေစီးရေလာကောင်းမွန်းစေရေးနှင့် ရေနှုတ်မြောင်းများ အတွင်းရှိ ခြုံနွယ်များ ဖယ်ရှားရှင်းလင်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက မိုးရာသီမရောက်မီ ပင်မရေနှုတ် မြောင်းမကြီးများ အပါအဝင် ရေနှုတ်မြောင်းငယ်များကို စနစ်တကျ ရှင်းလင်းဆောင်ရွက်ထားရှိရေး၊ ရေဝပ်တင်ကျန်မှု အခြေအနေများကို မြေပြင်ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီး ရေနှုတ်မြောင်းတူးဖော်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)