ကွတ်ခိုင် မေ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် လူမှုဝန် ထမ်းဦးစီးဌာနတို့ပူပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲအား ယနေ့ နေ့လည်ပိုင်း (၂)နာရီအချိန်က၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမင်းမင်းစံနှင့် အပြန်အလှန်ဆွေးနွေးကြရာ ကလေးသူငယ်ဆိုတာ အသက်ဘယ်လောက်ကိုဆိုလိုတာလဲ၊ ကလေးသူငယ် ကအသက်(၁၈)နှစ် မပြည့်သေးသူကို ဆိုလိုတယ်ဆိုရင်အကယ်၍ ကလေးသူငယ် ဟုတ်မဟုတ်နဲ့ ပတ်သက်ပြီး ဘယ်လိုစဉ်းစားဆုံးဖြတ်မလဲ၊ မြန်မာနိုင်ငံတွင် ကလေးသူငယ်များကို ကာကွယ်သည့် ဥပဒေရှိကြောင်းနှင့် အဆိုပါဥပဒေပေါ်ပေါက်လာပုံ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၌ ကလေးသူငယ်များအတွက် ဘယ်လိုအရာတွေပေါ်မှာ အခြေခံပြီး ရေးဆွဲထားပါသလဲ အစရှိသည့် အချက်များကို အကျယ်တဝင့် ဆွေးနွေးသွားကြကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို We Love Kutkai Facebook Page တွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)